ဆီးကျိတ်ကင်ဆာကို ဒီလိုကာကွယ်ကြမယ်
အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ကြီးလာတတ်ပြီး ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်များပါတယ်။ လေ့လာစစ်ဆေးမှုတွေအရ ဆီးကျိတ်ကင်ဆာဟာ ယောက်ျားလေးတွေမှာ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။
အမျိုးသားတွေရဲ့ ဆီးကျိတ်ထဲမှာ ကင်ဆာဆဲလ်များ အမြစ်ပွားရာမှ ဖြစ်လာတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး၊ ကင်ဆာဆဲလ်ပွားနှုန်း မြန်လာတာမျိုးလည်း ရှိသလို၊ ဆဲလ်ပွားနှုန်းနှေးကွေးပြီး ကုသမှုခံယူစရာမလိုတာမျိုးလည်း ရှိပါတယ်။ ဆီးကျိတ်ကင်ဆာကို ဇရာကြောင့်ဖြစ်တဲ့ ရောဂါလို့လည်း ခေါ်စမှတ်ပြုကြပြီး အသက်အရွယ်ဟာ ဆီးကျိတ်ရောဂါ အဖြစ်အများဆုံးအကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တခြားအချက်တွေအနေနဲ့
- မျိုးရိုးလိုက်ခြင်း
- လူမည်းလူမျိုး ဖြစ်နေခြင်း
- ကိုယ်အလေးချိန် များလွန်းနေခြင်း
- အဝလွန်ခြင်း
- အရပ်ရှည်ခြင်း
- IGF-1 ဟော်မုန်းပမာဏ များလွန်းခြင်း
- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို မကြာခဏရှူရှိုက်မိခြင်း စတာတွေကြောင့်လည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ အရမ်းများပါတယ်။
ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းကာလမှာ ဘယ်လိုလက္ခဏာတွေမှ မပြတတ်၊ ခံစားရတာမျိုးလည်း မရှိဘဲ အခြေအနေဆိုးလာမှသာ
- ဆီးသွားရခက်လာခြင်း
- ဆီးအရှိန် အားမပြင်းတော့ခြင်း
- ဆီး၊ သုက်ရည်ထဲ သွေးပါလာခြင်း
- အရိုးအဆစ်တွေ ကိုက်ခဲနာကျင်ခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- လိင်တံကောင်းစွာ မထောင်မတ်နိုင်တော့ခြင်း စတဲ့ လက္ခဏာတွေကိုပါ တွဲဖက်ခံစားရနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာဟာ ကင်ဆာအမျိုးအစားဖြစ်တဲ့အလျောက် ကျန်းမာရေးစစ်ဆေးမှုပုံမှန်ပြုလုပ်ပြီး စောစီးစွာ ရောဂါသိရှိနိုင်မယ်ဆိုရင်တော့ ကုသပျောက်ကင်းဖို့ အလွန်လွယ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အချိန်ကြာသွားတဲ့အခါ ဒါမှမဟုတ် ကုသမှုလုံးဝမခံယူဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဆီးကျိတ်ပတ်လည်မှာရှိတဲ့ ဆီးအိမ်၊ အရိုးအဆစ်၊ သွေးကြောအပြင် တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ပြန့်သွားတာ၊ ဆီးမထိန်းနိုင်တော့တာအပြင် ပန်းသေပန်းညှိုးရောဂါအထိ ဖြစ်လာနိုင်တာကို သတိပြုသင့်ပါတယ်။
ဆီးကျိတ်ကင်ဆာဟာ အသက်ကြီးမှ ပိုအဖြစ်များတဲ့ရောဂါဖြစ်တာကြောင့် ယောက်ျားလေးတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ ဆီးကျိတ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
- ၁။ နေ့စဉ်အာဟာရဓာတ်ပြည့်ဝနေစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို များများစားပေးပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ရေနွေးကြမ်း၊ ပဲ စတာတွေကို ပိုစားပေးပါ။
- ၂။ တစ်နေ့တာမှာ အစာအုပ်စု စုံလင်စွာ စားသုံးပေးဖို့ မမေ့ပါနဲ့။ အကယ်လို့ ကိုယ်မစားတဲ့၊ ဓာတ်မတည့်တဲ့ အစားအစာတွေ ရှိရင်တော့ ဖြည့်စွက်အားဆေးတွေ သောက်ပေးနိုင်ပါတယ်။
- ၃။ အချိန်အကြာကြီးမဟုတ်ရင်တောင် တစ်ရက်ကို နာရီဝက်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
- ၄။ ယောက်ျားလေးတွေအတွက် Gym မှာ အလေးမ ကစားခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းပြီး ခန္ဓာကိုယ်ထဲက အဆီဓာတ်တွေကို လျှော့ချပေးပါ။
- ၅။ လိင်ဆက်ဆံမှုမရှိရင်တောင် လက်နဲ့ ပုံမှန်အာသာဖြေပြီး သုက်လွှတ်ခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
- ၆။ ကျန်းမာရေးစစ်ဆေးမှုကို နှစ်စဉ်နှစ်တိုင်း ပုံမှန်ပြုလုပ်ပေးပါ။
- ၇။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်တွေကို အချိန်ယူပြီး ဖျောက်ပါ။ ဆေးလိပ်၊ အရက်ကို ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်ရင် လျှော့သောက်သုံးပါ။
- ၈။ အနီရောင်အသားတွေ၊ မီးခိုးကျပ်တိုက်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။
- ၉။ ရေများများသောက်ပြီး ဆီးများများသွားပေးပါ။
- ၁၀။ စိတ်ဖိစီးမှုကို လျှော့ချပါ။
အမျိုးသားတွေအနေနဲ့ ငယ်စဉ်ကတည်းက ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မခံယူဘူးဆိုရင်တောင် အသက် (၄၀) နောက်ပိုင်းမှာစတင်ပြီး ဆီးကျိတ်ကင်ဆာအတွက် စစ်ဆေးမှုကို လုပ်သင့်နေပါပြီ။ ဆီးကျိတ်ကင်ဆာဟာ အစပိုင်းမှာ ဘာလက္ခဏာမှမပြတတ်သလို၊ စောစောသိလေ ကုသဖို့အတွက် ပိုပြီးလွယ်ကူသက်သာလေ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး မပေါ့ဆဖို့ မှာချင်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်